အသက်အရွယ်မတိုင်ခင် သွားဆွေးမြေ့ခြင်း
သဘာဝအရ ဖြည်းဖြည်းချင်း ပျက်စီးဆွေးမြေ့လာနိုင်တဲ့အရာတွေထဲ ကျွန်တော်တို့ရဲ့ သွားတွေဟာလည်း တစ်ခုအပါအဝင်ပါပဲ။ ပုံမှန်ကတော့ ငယ်စဉ်ကတည်းက အစာပေါင်းများစွာ ချေဖျက်ဝါးစားနေရသလို ပြင်ပကနေ ဝင်လာနိုင်တဲ့ ရောဂါပိုး၊ ဘက်တီးရီးယားတွေကို ခုခံပေးတဲ့ ကိုယ်ခံအားစနစ်ထဲမှာလည်း ပါဝင်တာကြောင့် အသက်ကြီးလာတာနဲ့အမျှ ပျက်စီးလာနိုင်ပါတယ်။
ဒီလိုသွားပျက်စီးစေတဲ့ အကြောင်းရင်းတွေကတော့ -
၁။ အက်စစ်ဓာတ်များတဲ့ အစားအစာတွေ စားလွန်းခြင်း
အချဉ်ဓာတ်၊ အက်စစ်ဓာတ်ပါဝင်တဲ့ အစားအစာတွေဟာ ကျန်းမာရေးကို ထိခိုက်ခြင်းမရှိပေမဲ့ သူ့ထဲမှာပါတဲ့ ဓာတ်သတ္တုတွေက သွားရဲ့ ကြွေလွှာကိုပါးသွားစေနိုင်ပါတယ်။ ဒီလိုအစားအစာတွေထဲမှာ အချဉ်ဓာတ်ပါတဲ့ ဟင်းသီးဟင်းရွက်တွေ၊ သစ်သီးဖျော်ရည်တွေ၊ ဝိုင်၊ ဂက်စ်ပါတဲ့ အအေးတွေ ပါဝင်ပါတယ်။
၂။ အချိုစားများခြင်း
အချိုဓာတ်ဟာ သွားပိုးစားစေတဲ့ အဓိကတရားခံတစ်ခုပဲဖြစ်ပါတယ်။ အချိုဓာတ်ဟာ သွားပွတ်တံနဲ့ အလွယ်တကူ တိုက်ချွတ်လို့မရတဲ့ သွားကြားတွေထဲထိပါ နေရာဝင်ယူနိုင်ပြီး အချိန်ကြာလာတာနဲ့အမျှ သွားတွေကို ဆွေးမြေ့ပျက်စီးစေကာ သွားပိုးစေပါတယ်။
၃။ ခံတွင်းသန့်ရှင်းမှုမရှိခြင်း
ကိုယ့်ရဲ့ သွားနဲ့ခံတွင်း သန့်စင်နေဖို့အတွက် နှစ်ကြိမ်ပုံမှန် သွားတိုက်ပေးရမှာဖြစ်သလို လျှာပေါ်မှာရှိတဲ့ အရိအချွဲတွေကို ခြစ်ပေးဖို့၊ သွားပွတ်ကြိုး (Floss) အသုံးပြုပေးဖို့လည်း လိုအပ်ပါတယ်။ ဒီလိုမျိုး ခံတွင်းသန့်ရှင်းရေးကို ပုံမှန်မလုပ်ပေးဘူးဆိုရင်တော့ ထင်ထားတာထက် သွားပျက်စီးဖို့က ပိုစောသွားနိုင်ပါတယ်။
၄။ သွားကြိတ်ခြင်း
သွားကြိတ်တဲ့ပြဿနာကလည်း သင့်သွားတွေကို ကောင်းကောင်းပျက်စီးစေနိုင်တဲ့ အမူအကျင့်ထဲ ပါပါတယ်။ အစာစားသောက်မှု ပုံမှန်မဟုတ်တာ၊ ဒါမှမဟုတ် စိတ်ကျန်းမာရေးပိုင်းမှာ ချို့ယွင်းချက်ရှိနေသူတွေဟာ ကိုယ့်သွားတွေကို နိုးထနေစဉ်မှာရော အိပ်ပျော်နေတဲ့အချိန်မှာပါ သွားကြိတ်တတ်ပြီး ဒီပြဿနာကြောင့် ကိုယ့်ရဲ့သွားတွေအက်လာပြီး သွားအမြစ်တွေက ပါးလာနိုင်ပါတယ်။
၅။ ရေသောက်နည်းပြီး ခံတွင်းခြောက်ခြင်း
ရေဓာတ်ခန်းခြောက်တဲ့အခါ ခံတွင်းထဲ သွားရည်အထွက်နည်းသွားတဲ့အတွက် ခံတွင်းနဲ့ အာခေါင်တွေ ခြောက်သွားပါတယ်။ ခံတွင်းခြောက်လာတဲ့အခါ ပြင်ပကဝင်လာနိုင်တဲ့ ရောဂါပိုးတွေက သွားပေါ်မှာ ကပ်ငြိပြီး ဒုက္ခပေးနိုင်ပါတယ်။
၆။ အာဟာရဓာတ် ချို့တဲ့ခြင်း
သွားတွေဟာလည်း ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုဖြစ်တာကြောင့် ပုံမှန်အတိုင်း ကောင်းကောင်းအလုပ်လုပ်နိုင်ဖို့ အာဟာရဓာတ်စုံလင်အောင် စားသုံးပေးဖို့ လိုအပ်ပါတယ်။ ဒီအတွက် အာဟာရဓာတ်ချို့တဲ့တဲ့အခါ သွားတွေကလည်း အချိန်ကြာလာတာနဲ့အမျှ ဆွေးမြေ့အားနည်းလာနိုင်ပါတယ်။
အသက်အရွယ်မတိုင်ခင် သွားဆွေးမြေ့တာကလည်း အဖြစ်များတယ်ဆိုပေမယ့် သေချာစနစ်တကျ ပြသပြီး သင့်တော်တဲ့ ကုသမှုတွေ၊ ကာကွယ်နည်းလမ်းတွေကို လိုက်နာဆောင်ရွက်မယ်ဆိုရင် ကျန်းမာသန့်ရှင်းတဲ့ သွားတွေကို ပိုင်ဆိုင်ရမှာပါ။
အဓိကလုပ်ပေးသင့်တာတွေကတော့…
- ရေကို တစ်နေ့ (၂) လီတာ အနည်းဆုံးသောက်ပေးပါ။
- အချို၊ အငန်၊ အချဉ်တွေ စားသောက်ပြီးတိုင်း ရေနဲ့ပလုတ်ကျင်းပေးပါ။
- မနက်တစ်ကြိမ်၊ ညတစ်ကြိမ် နည်းလမ်းမှန်မှန် သွားတိုက်ပေးပါ။
- သွားဆေးခန်းကို (၆) လ တစ်ကြိမ် ပုံမှန်ပြသပြီး သန့်ရှင်းရေးလုပ်ပေးပါ။
သွားဟာ ခံတွင်းအတွက်သာမက ခန္ဓာကိုယ်တစ်ခုလုံးရဲ့ ကျန်းမာရေးအတွက် အရေးကြီးတဲ့အစိတ်အပိုင်းဖြစ်တာကြောင့် ငယ်စဉ်ကတည်းက သေချာဂရုစိုက်ပေးဖို့တော့ လိုပါမယ်။
ရဲမျိုးမြတ်